Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း

(၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်းအခမ်းအနား

မန္တလေး၊ ၂၀၂၃ခုနှစ် ဩဂုတ်လ ၇ ရက်နေ့။

(၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊  အိန္ဒိယနိုင်ငံမှ အထူးဖိတ်ကြားထားသော အာယုဗ္ဗေဒဆေးပညာ ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ‌Dr. Manoj Nesari, Advisor of Ayurveda, Ministry of Ayush, Government of India၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်သည်။   

အခမ်းအနားကို နဝရတ် ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာ တွင်  တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများသည် မြန်မာ့တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသည့် ခြေလှမ်းများဖြစ်ကြပြီး သုတေသန တွေ့ရှိချက်များအရ မြန်မာ့တိုင်းရင်း ဆေးများသည် အမှန်တကယ်အကျိုးအာနိသင်ရှိ၍ ဘေးထွက်ဆိုးကျိုး ကင်းစင်ကြောင်းကို  အများ ပြည်သူသိရှိစေရေး သိသာထင်ရှားစွာ‌ဖော်ထုတ်တင်ပြနိုင်သည့် ဆောင်ရွက်မှုများဖြစ်ကြောင်း၊ တိုင်း ရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှ အလေးထားအားပေးချီးမြှောက်နေသည့် ယခုအချိန်တွင် တာဝန်ရှိသူများနှင့် သုတေသီများကလည်း သုတေသနကျင့်ဝတ်နှင့်အညီ သုတေ သနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ တိုင်းရင်းဆေးကဏ္ဍ တိုးတက်စေရေး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသည့် (၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်များအနေဖြင့် (က) မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအထောက် အထားပြု ဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန်၊ (ခ) ပြည်သူလူထု၏အဓိက ကျန်း မာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်၊ (ဂ) အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာ စေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်နှင့် (ဃ)ပြည်သူ လူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးကောင်းမွန်၍ အသုံးချနိုင်သော တိုင်းရင်း ဆေးသုတေသနများ ဆက်လက်ဆောင်ရွက်နိုင်စေရန်အတွက် သုတေသနဆိုင်ရာ ယဉ်ကျေးမှု ဖွံ့ ဖြိုး တိုးတက်လာစေရန်၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ် ဆက်မပြတ်ပြုလုပ်နိုင်ရန် တို့ဖြစ်ကြောင်း၊

ထို့ပြင် ကိုဗစ်-၁၉ ရောဂါတွင်သာမက ရာသီတုပ်ကွေးရောဂါများကိုလည်း သက်သာပျောက် ကင်းစေနိုင်သည့် မြန်မာ့တိုင်းရင်းဆေး ဝိသမအဖျားပျောက်ဆေးကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခြေခံသုတေသနနှင့် ဆေးလက်တွေ့သုတေသနတို့ကို သိပ္ပံနည်းကျ ပြုလုပ်၍ ဆေးဝါးအဖြစ် ထုတ် လုပ်လျက်ရှိပြီး အဆိုပါသုတေသနစာတမ်းကိုလည်း တင်သွင်းဖတ်ကြားမည်ဖြစ်ကြောင်း၊ တိုင်းရင်း ဆေးပညာရပ်နှင့်စပ်လျဉ်းသည့် သုတေသနများကို စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ နယကြီးလေးပါးကို အခြေခံသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားဆေး ပညာအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်  လိုအပ်ကြောင်း၊  

ယခုနှစ်စာတမ်းဖတ်ပွဲတွင်  အိန္ဒိယနိုင်ငံမှ အာယုဗ္ဗေဒဆေးပညာရပ်ကို လာရောက်၍ တင်ပြ ဆွေးနွေးမည်ဖြစ်၍ မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သို့မှသာ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ မြန်မာ့တိုင်းရင်း ဆေးဝါးများကို ပိုမိုအသိအမှတ်ပြု လေးစားလာမည် ဖြစ်ကြောင်း၊

ယခုသုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံး  သုတေသနစာတမ်းများနှင့် ပိုစတာများကို စိစစ်အကဲဖြတ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲများ ကို  နှစ်စဉ်ကျင်းပရန် တိုက်တွန်းကြောင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဧည့်သည်တော်များသည် ပိုစတာများကို လှည့်လည်ကြည့်ရှုကြ၍ သုတေသီများက ဖတ်ကြားတင်ပြကြကာ မေးမြန်းသည်များ ကို ပြန်လည်ဆွေးနွေးသည်။

(၁၂) ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ယနေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် သုတေ   သနစာတမ်း(၂၆)စောင်၊ ပိုစတာ(၈)စောင်တို့ပါဝင်ပြီး အိန္ဒိယနိုင်ငံမှ အာယုဗ္ဗေဒ ဆေးပညာဆိုင်ရာ စာတမ်း အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်ဝန်ကြီးဌာနများ၊ တပ်မတော်ဆေး သုတေသနတပ်တို့မှ သုတေသန စာတမ်းများ ဖတ်ကြားတင်သွင်း ကြမည်ဖြစ်ကြောင်းသိရသည်။

 

Visitors

Today 20

Yesterday 147

Week 329

Month 3765

All 124172

Currently are 19 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.