၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် (၁၂:၀၀) အချိန် ၌ တိုင်းရင်းဆေးတက္ကသိုလ်နှင့် ဖူးကျင့် နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း (FITC)တို့ ပူးပေါင်း၍ တရုတ်စကားပြော(အခြေခံ) သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူး များ၊ မန္တလေးမြို့ရှိ တရုတ်ဘုံကျောင်း ဥက္ကဋ္ဌများ၊ မော်ကွန်းထိန်း ဦးမြင့်အေးနှင့် ကထိက/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မိမိတို့တက္ကသိုလ်တွင် ယခုမှ စတင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း၊ ၂၀၁၅ ခုနှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွါးခင်ထိ အပတ်စဉ်များစွာ ဖွင့်လှစ်ပေးခဲ့ဘူးကြောင်း၊ အင်္ဂလိပ်စကား၊ တရုတ်စကားစသည့် နိုင်ငံတကာသုံး ဘာသာစကားများ တတ်မြောက်ထားခြင်းဖြင့် မိမိတို့ တိုင်းရင်းဆေးပညာကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်သလို တရုတ်နိုင်ငံတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်သင်ယူနိုင်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် FITC ကျောင်း၏ ဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး ဒေါက်တာဆက်တီ က တိုင်းရင်းဆေးတက္ကသိုလ်နှင့် ၎င်းတို့ကျောင်း၏ ပူးပေါင်း ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်း၊ သင်တန်းဆင်း တိုင်းရင်းဆေးဆရာများ၏ အောင်မြင်မှုများကို အသေးစိတ်ပြောကြားရှင်းလင်းခဲ့ပါသည်။ ထို့နောက် သင်တန်းဆရာမ ဒေါ်စန်းစန်းဝင်းက သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ သင်တန်းဖွင့်ပွဲ ကို (၁၂:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အပတ်စဉ် (စနေ၊ တနင်္ဂနွေနေ့)ရက်များတွင် သင်ကြားပြီး အောက်တိုဘာလလယ်ထိ ဆက်လက်သင်ကြားမည်ဖြစ်ပီး သင်တန်းသား/သူ (၁၃၇)ဦး တက်ရောက်ကြမည်ဖြစ်သည်။